အသားဖြူဆေး အပိုင်း ၁
01-Mar-2017
အသားဖြူဆေးတွေဟာ အရေပြားမှာရှိတဲ့ မယ်လနင် (Melanin) ရောင်ခြယ်ဓာတ်ကို နည်းအောင်လုပ်တာပါ။ Melanin ဟာ Melanocytes ဆိုတဲ့ cellsကနေထွက်ပြီး ပါဝင်နှုန်းဟာ မွေးရာပါမျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။ နေရောင်နဲ့ထိတွေ့တာများခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ chemicals ပစ္စည်းတွေနဲ့ ထိတွေ့တာများခြင်းဟာလည်း Melanin ထွက်နှုန်းကို ပြောင်းလဲစေတယ်။ အသားဖြူဆေးတွေမှာ Natural ပစ္စည်းရော၊Chemical ပစ္စည်းတွေပါ ပါဝင်ကြတယ်။ အပိုင်း ၁မှာ Chemical ပါဝင်ပစ္စည်းအကြောင်းရေးပါမယ်။
၁။ Hydroquinone
2% Hydroquinone နဲ့ 4% Hydroquinone နှစ်မျိုးရှိပြီး 2%ကို အသုံးများပါတယ်။ အများအားဖြင့် Hydroquinone+Tretinoin အရောကို သုံးကြတယ်။ ဒီဆေးကို နေလောင်တာ၊ ကိုယ်ဝန်ဆောင်တွေမှာဖြစ်တဲ့ တင်းတိပ်၊ မှဲ့ခြောက်ကုတာမှာ သုံးတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီးမှ လိမ်းသင့်တယ်။ သုံးတာကြာရင်၊ ပမာဏအများကြီးသုံးရင် Orchronosis လို့ခေါ်တဲ့ အရေပြားမှာ ဘယ်လိုကုကုမပျောက်တဲ့ မည်းမည်း၊ ပြာပြာ အကွက်တွေဖြစ်စေတတ်တယ်။ ကင်ဆာ၊ သိုင်းရွိုက်နဲ့ အသည်းရောဂါတွေကိုလည်း ဖြစ်စေတတ်တယ်လို့ လေ့လာမှုတွေမှာ တွေ့ရတယ်။ အဲဒါကြောင့် တကိုယ်လုံးအသားဖြူအောင်လိမ်းတဲ့ လိမ်းဆေးမျိုး မဟုတ်ပါ။ ဥရောပနိုင်ငံအချို့ဆို Hydroquinoneကို အလှကုန်ပစ္စည်းတွေမှာ ထည့်တာကို တားမြစ်ထားပါတယ်။ Arbutin ဆိုတာဟာလည်း သဘာဝကဖြစ်တဲ့ Hydroquinone တမျိုးပါပဲ။
၂။ Mercury (ပြဒါးဓာတ်)
FDAက Mercuryကို အလှကုန်ပစ္စည်းတွေမှာသုံးတာကို တားမြစ်ထားပြီးဖြစ်တယ်။ ဒါပေမဲ့ အာရှမှာရောင်းတဲ့ အသားဖြူ creamတွေမှာ Mercuryက ပါနေတုန်းပဲ။ အဲဒါကြောင့် မသုံးခင်၊ မဝယ်ခင် ပါဝင်ပစ္စည်းတွေကို ဖတ်ကြည့်ရမယ်။ ပါဝင်ပစ္စည်းစာရင်း (Ingredients list) မပါရင်၊ အင်္ဂလိပ်ဘာသာစကားမဟုတ်ရင် Internetမှာ ရှာကြည့်ပြီး ဖတ်သင့်ပါတယ်။ Mercuryကို "mercurous chloride", "mercuric", "mercurio", "calomel", "mercury chloride" နဲ့ "ammoniated mercury" ဆိုပြီး ပါဝင်ပစ္စည်းစာရင်းထဲမှာ ရေးထားတတ်တယ်။ စစသုံးချင်းမှာ အရေပြားနီတာ၊ ရဲတာ၊ အရောင်ပြောင်းတာတွေ ဖြစ်စေတတ်တယ်။ ရေရှည်သုံးရင်တော့ ကျောက်ကပ်၊ အာရုံကြောစနစ်တွေကို ပျက်စီးစေတတ်ပါတယ်။ ကိုယ် ဝန်ဆောင်မိခင်တွေမှာသုံးမိရင် မွေးလာတဲ့ကလေးမှာ ဉာဏ်ရည်မမီတာ၊ ဦးနှောက်မဖွံ့ဖြိုးတာတွေ ဖြစ်တတ်ပါတယ်။
၃။ Steroids (စတီးရွိုက်)
Steroid ဟာလည်း အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေထဲမှာ ပမာဏအများကြီးပါနေတုန်းပဲ။ Steroidကို သုံးလို့ရတဲ့ အခြေအနေတွေရှိတယ်။ Eczema (နှင်းခူ)၊ Psoriasis (ကိုယ့်ခုခံအားကို ကိုယ်ပြန်တိုက်နေတဲ့ အရေပြားရောဂါ)၊ Dermatitis (အရေပြားနာ) စတဲ့ရောဂါတွေ သက်သာအောင် သုံးလို့ရတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာပြသပြီးမှ လိမ်းရပါမယ်။ Steroid ဟာ ရောင်တာကိုတော့ ချက်ချင်းသက်သာစေတယ်။သွေးကြောတွေကို ကျဉ်းစေပြီး အရေပြားဆီကို သွေးရောက်တာနည်းစေတဲ့အတွက် အသားဖြူသယောင်ဖြစ်လာမယ်။ ဒါ့အပြင် Steroid ဟာ အရေပြားပေါ်က cellsတွေ ပွားတာကို နှေးစေတယ်။ အဲဒါကြောင့် Steroid လိမ်းဆေးအကြာကြီးသုံးတဲ့သူတွေမှာ အရေပြားပါးတာ၊ နေဒဏ်၊ ရာသီဥတုဒဏ်မခံနိုင်တာ၊ ညိုမည်းကွက်တွေဖြစ်တာတွေ တွေ့ရတယ်။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏကိုလည်း ကမောက်ကမဖြစ်စေပြီး Cushing Syndrome လို့ခေါ်တဲ့ ရောဂါမျိုးဖြစ်စေတတ်တယ်။ Steroid ကို လိမ်းဆေးတွေမှာ Clobetasol, Betamethasone, Hydrocortisone, Mometasone, Methylprednisolone နဲ့ Triamcinolone ဆိုပြီး တွေ့ရတတ်ပါတယ်။သဘာဝဖြစ် အသားဖြူ ပစ္စည်းတွေကိုတော့ အပိုင်း ၂မှာ ဆက်ရေးပါမယ်။
Credit :
Dr.Jink
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
